top of page

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ

Myanmar Witness

23 Sept 2022

Report Published:

5.png
4.png
3.png

ဒေသတွင်း စုံစမ်းစစ်ဆေးရေး - အပိုင်း (၂)

မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းဒေသတွင် အကြမ်းဖက်မှုကြောင့် အရပ်သားများ သေဆုံးစေမှု

၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၇ ရက်၊ Myanmar Witness မှ အစီရင်ခံတင်ပြသည်။


စစ်ကိုင်းတိုင်း အနောက်မြောက်ပိုင်း၊ ချင်းပြည်နယ် နှင့် မကွေးတိုင်း တို့တွင် ဖြစ်ပွားခဲ့သော မီးရှို့မှုများ၊ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများနှင့် ပတ်သက်၍ Myanmar Witness မှ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေစဉ် ကာလအတွင်း အရပ်သားထိခိုက်မှုနှင့် အကြမ်းဖက်သေဆုံးမှုများ အများအပြား ဖြစ်ပွားခဲ့ကြောင်း တိုင်ကြားချက်များလည်း ပေါ်ထွက်လာခဲ့သည်။


၂၀၂၁ ခုနှစ်၊ မေလတွင် စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အတွင်း လူအများအပြား သတ်ဖြတ်ခံရမှုများနှင့် စပ်လျဉ်း၍ BBC နှင့် Myanmar Witness တို့၏ ပူးပေါင်းစုံစမ်းစစ်ဆေးမှု အပြီးတွင် Myanmar Witness အနေဖြင့် ထိုဒေသများ၌ အလောင်းအရေအတွက် အများအပြားကို ရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်သည့် ဖြစ်စဉ်များစွာကို ဖော်ထုတ်စိစစ်ခဲ့သည်။ ထိုအလောင်းများကို မြန်မာစစ်ကောင်စီမှ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည် ဟူသော စွပ်စွဲချက်များလည်း ရှိသည်။ ဤ ဖြစ်စဉ်တစ်ခုချင်းစီတွင် သက်ဆိုင်ရာ ဒေသရှိ စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ နှင့် ဒေသအတွင်း တပ်မတော်နှင့် ကာကွယ်ရေး တပ်ဖွဲ့များကြားရှိ တိုက်ပွဲဖြစ်စဉ်ဆိုင်ရာ သတင်းအချက်အလက်များကို အခြေခံထားသည်။


ဤဆောင်းပါးတိုတွင် Myanmar Witness ၏ အစီရင်ခံစာ အပိုင်း (၂) ဖြစ်သော ‘အရပ်သားများအပေါ် အကြမ်းဖက်မှု။ ။ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ စစ်ကောင်စီ စစ်ဆင်ရေးနှစ်ခု၏ အကျိုးသက်ရောက်မှုများအား စုံစမ်းစစ်ဆေးခြင်း’ ၏ ခြုံငုံသုံးသပ်ချက်ကို တင်ပြထားပါသည်။ အနော်ရထာစစ်ဆင်ရေး နှင့် အလောင်းမင်းတရားစစ်ဆင်ရေး ဟု လူသိများသော စစ်ကောင်စီ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် နယ်မြေဒေသများအတွင်း တွေ့ရှိခဲ့ရသည့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဆိုင်ရာ သက်သေအထောက်အထားများ ကို ဤ ဆောင်းပါးတိုတွင် ခွဲခြမ်းစိတ်ဖြာ၍ စိစစ်အတည်ပြုထားသည်။


အစီရင်ခံစာ အပိုင်း (၁) တွင် အထက်ပါ စစ်ဆင်ရေးများနှင့် နီးစပ်နေသော အနောက်မြောက်ပိုင်းဒေသများရှိ ကျေးရွာများ၌ မည်သို့မည်ပုံ မီးရှို့ပုံနှင့် ဖျက်ဆီးမှုများ ဆောင်ရွက်ခဲ့ပုံကို တင်ပြခဲ့သည်။ ထို အစီရင်ခံစာ အပြည့်အစုံကို ဖတ်ရှုလိုပါက ဤ PDF ကို ဒေါင်းလုဒ်လုပ်ပါ။


ပုံ - ၁။ ။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် ချင်းပြည်နယ်တို့၏ ပထဝီဝင်နယ်နိမိတ်ပြ မြေပုံ။


လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသတွင် စစ်တပ်ဘက်မှ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသော သီးခြားဖြစ်စဉ် သုံးခု ကို Myanmar Witness က စစ်ဆေးအတည်ပြုခဲ့သည်။


• ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် မြင်သာရွာတွင် သေဆုံးသူ (၁၈) ဦး (တစ်စိတ်တစ်ပိုင်းစိစစ်ပြီး)။ သေဆုံးသူများထဲတွင် အရွယ်မရောက်သေးသူများ၊ သက်ကြီးရွယ်အိုများနှင့် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများ ပါဝင်ကြောင်း သိရသည်။


• ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် ဒုံးတောရွာတွင် သေဆုံးသူ (၁၁) ဦး (အပြည့်အစုံစစ်ဆေးပြီး)။ သေဆုံးသူများထဲတွင် အရွယ်မရောက်သေးသူများနှင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း သိရသည်။


• ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးတွင် သေဆုံးသူ (၆) ဦး တို့ကိုတွေ့ရှိခဲ့သည်။


ဤ အစီရင်ခံစာအကျဉ်းချုပ်တွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဆားလင်းကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့သောဖြစ်စဉ်လေ့လာမှုကို အသားပေးဖော်ပြထားပါသည်။ အခြားဖြစ်စဉ်လေ့လာမှုများကို ဖတ်ရှုလိုပါက ဤအစီရင်ခံစာ အပြည့်အစုံကို ဒေါင်းလုဒ်လုပ်ပါ။


၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်။ (အပြည့်အစုံစစ်ဆေးပြီး)

နောက်ခံအကြောင်းအရာ


[သတိပေးချက်- ဂရပ်ဖစ်] ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဒုံးတောရွာ ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ဤလုပ်ရပ်မှာ ရွာမှ မီတာ ၃၀၀ ခန့်အကွာရှိ မြောက်ယမားတံတားအနီး မုံရွာ-ပုသိမ် အဝေးပြေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဉ်များအား မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း Myanmar Now ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိခဲ့ရသည်။ ဆားလင်းကြီးမြို့နယ် နယ်မြေသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်ကောင်စီဘက်မှ ယာဉ်တန်းဗဟိုပြုစစ်ဆင်ရေးဖြင့် ပစ်မှတ်ထားခံခဲ့ရသည့် နယ်မြေတစ်ခုလည်း ဖြစ်သည်။ ဆားလင်းကြီးမြို့နယ်တွင် နေထိုင်သူများမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ပတ်သက်ခဲ့သည် ဟုလည်း ဆိုခဲ့ကြပြီး ဆန္ဒပြပွဲများကို ဤဖြစ်စဉ် မဖြစ်ပွားမီ ရက်ပိုင်းအလိုအထိတိုင် ကျင်းပခဲ့ကြောင်း သိရှိခဲ့ရသည်။


Myanmar Now မှ ဒေသခံများအား မေးမြန်းမှု ပြုလုပ်ခဲ့ရာတွင် မနက် ၈ နာရီ၌ ပုသိမ်-မုံရွာ ကားလမ်းအနီးမှတစ်ဆင့် ရွာထဲသို့ စစ်သားများ ဝင်ရောက်လာကြောင်း ဖြေကြားခဲ့ကြသည်။ ဒုံးတောရွာ အဝင်အထွက်အတွက် လမ်းကြောင်းတစ်ခုသာ ရှိပြီး ချင်းတွင်းမြစ်ကမ်းရှိ ရွှေမြင့်တင်ခြံကို ဖြတ်၍ ဆက်ထားသော လမ်းကြောင်းပင် ဖြစ်သည်။ (Myanmar Now နှင့် The Irrawaddy သတင်းဌာနများ၏ ဖော်ပြချက်များအရ) ရွာသားများနှင့် ဒေသခံ PDF ခေါင်းဆောင် တစ်ဦး၏ အဆိုအရ ရွာသား ၁၁ ဦးကို ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိခဲ့ရသည်။ မီဒီယာမျိုးစုံမှ ဆိုရှယ်မီဒီယာပေါ်သို့ တင်ထားသည့် ဗီဒီယိုဖိုင်များတွင် မီးလောင်ထားသည့် ရုပ်အလောင်းများအပါအဝင် တိုက်ခိုက်မှုများ၏ နောက်ဆက်တွဲရလဒ်များကိုလည်း တွေ့မြင်ခဲ့ရသည် (ဂရပ်ဖစ်ဗီဒီယိုဖိုင် - ရယူလိုပါက စုံစမ်းမေးမြန်းနိုင်ပါသည်)။ ဗီဒီယိုထဲတွင် ပါဝင်သော အသံအရ “သူတို့ လက်တွေကို ကြိုးတုပ်ပြီး ဒူးထောက်ခိုင်းထားတုန်း သေနတ်နှင့် ပစ်ပြီး ဓားထိုးခံရတယ်” ဟုလည်း ကြားသိခဲ့ရသည်။


စိစစ်အတည်ပြုခြင်း

အလောင်းတွေ့ရှိသည့်နေရာသည် ဒုံးတောရွာ အပြင်ဘက်ရှိ မြေကွက်တစ်နေရာ (22.142916, 95.062057) (ပုံ - ၄၈) တွင် ဖြစ်ကြောင်းကို Myanmar Witness က အတည်ပြုနိုင်ခဲ့သည်။ သို့သော် ထိုနေရာမြေကွက် အတိအကျတွင် ဤပုဂ္ဂိုလ်များကို သတ်ဖြတ်ခဲ့သလား၊ ထိုသူတို့၏ လက်များကို ကြိုးတုပ်ထားသလားနှင့် ထိုပုဂ္ဂိုလ်များမှာ မီး မလောင်ကျွမ်းခင် (သို့) လောင်ကျွမ်းပြီးမှ သေဆုံးသလား စသည့် မေးခွန်းများကိုတော့ အတည်မပြုနိုင်သေးပါ။

ပုံ - ၂။ ။ ဒုံးတောရွာ မူရင်း ဗီဒီယို၏ နောက်ခံရှုခင်းကို အခြေခံစုံစမ်းထားသော Geolocation။


ထို့အပြင် ဒုံးတောရွာတွင် နေထိုင်သူ အသက် ၅၀ ကျော်အရွယ် ဒေါ်ဝင်းရီသည် ရွာအပြင်ဘက် မြေကွက်များတွင် မြန်မာစစ်တပ်၏ သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ကို The Irrawaddy နှင့် အခြားအွန်လိုင်း ပလက်ဖောင်းများပေါ်တွင် ဖော်ပြခဲ့ကြသည်။ သေဆုံးသွားသော သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး၏ ရုပ်ပုံများကို Myanmar Witness အနေဖြင့် စုဆောင်းရရှိခဲ့သော်လည်း ယင်းဓာတ်ပုံများကို မည်သည့်နေရာတွင် ရိုက်ကူးခဲ့သည်ကိုတော့ အတည်မပြုနိုင်သေးပါ။


NUG အစိုးရ၏ တရားဝင် Twitter အကောင့် ရေးသားချက်အရ NUG အား ဒေသခံ PDF အဖွဲ့ တစ်ဖွဲ့မှ သေဆုံးသူစာရင်း (ပုံ - ၄၉) ကို ပံ့ပိုးပေးခဲ့သည်ဟု ဆိုထားသည်။ ထိုစာရင်းထဲတွင် ပါဝင်သော အသက် (၁၈) နှစ်အောက် သေဆုံးသူ (၄) ဦးမှာ အာကာစိုး (၁၄) နှစ်၊ ဆန်းမင်းဦး (၁၇) နှစ်၊ သန်းမြင့်အောင် (၁၇) နှစ် နှင့် ကျော်သက် (၁၇) နှစ်တို့ပင် ဖြစ်သည်။ မီးလောင်ကျွမ်း၍ ရုပ်အလောင်း ပုံပျက်သွားသောကြောင့် အသက် ၁၇ နှစ်အရွယ် သန်းမြင့်အောင်မှလွဲ၍ ကျန်သောသေဆုံးသူ အများစုကို တိုက်ဆိုင်စစ်ဆေးနိုင်ခြင်း မရှိတော့ပါ။ နားဖောက်ထားသောကြောင့် သန်းမြင့်အောင်၏ ရုပ်အလောင်းကို အတည်ပြုနိုင်ခြင်းဖြစ်သည်ဟု Myanmar Now ၏ သတင်းထုတ်ပြန်ချက်များတွင် တွေ့ရှိနိုင်သည်။



ပုံ - ၃။ ။ ဒေသတွင်း PDF အဖွဲ့တစ်ခုမှ NUG ထံသို့ အစီရင်ခံထားသည်ဟု ဆိုသည့် ဒုံးတောရွာ သေဆုံးသူများ၏ အမည်စာရင်းများ။


အခြားဖြစ်စဉ်လေ့လာမှုနှစ်ခုကို ဖတ်ရှုလိုပါက အစီရင်ခံစာအပြည့်အစုံကို ဤနေရာတွင် ဒေါင်းလုဒ်လုပ်ပါ။


နိဂုံး

ဤအစီရင်ခံစာတွင် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းရှိ စစ်တပ် စစ်ဆင်ရေးများကြောင့် အရပ်သားများအပေါ် ပြင်းထန်သော သက်ရောက်မှုများ ရှိကြောင်းကို အသေးစိတ်စုံစမ်းစစ်ဆေးမှုများမှတဆင့် ဖော်ပြထားသည်။ စစ်ဆင်ရေး လမ်းကြောင်းတစ်လျှောက်တွင် ရပ်ရွာအသိုက်အဝန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖျက်ဆီးခံရခြင်းသည် စိုးရိမ်ဖွယ်ကောင်းသော ချိတ်ဆက်မှုတစ်ခု ကို ကိုယ်စားပြုသည်။ လူမှုအသိုက်အဝန်းများကို ဖျက်ဆီးနိုင်ရန်၊ ပုန်ကန်မှုကို နှိမ်နင်းနိုင်ရန်နှင့် သဘောထား မတူညီကွဲလွဲမှုများအား မရှိစေရန် မီးရှို့အကြမ်းဖက်ခြင်းများနှင့် ပတ်သက်၍ နိုင်ငံတစ်ဝှမ်းရှိ နေရာဒေသ အနှံ့အပြားတွင် တိုင်ကြားမှုများ ပေါ်ပေါက်လျက်ရှိပြီး အထူးသဖြင့် အနောက်မြောက်ပိုင်းဒေသများတွင် ပိုမိုပြင်းထန်ကြောင်း တိုင်းကြားခဲ့ကြသည်။


ဤအစီရင်ခံစာတွင် မှတ်တမ်းတင်ထားသော ဆက်စပ်မှုပုံစံ အကြောင်းအရာများစွာကို နိုင်ငံတစ်ဝှမ်းရှိ အခြားဒေသများတွင်လည်း ပိုမိုကျယ်ပြန့်စွာ တွေ့မြင်နိုင်သည် - ဥပမာ၊ Myanmar Witness ၏ ထုတ်ပြန်ထားပြီးဖြစ်သော အစီရင်ခံစာများဖြစ်သည့် မြန်မာနိုင်ငံ မီးရှို့မှုများ၊ မိုဆိုရွာ ခရစ္စမတ်အကြို သတ်ဖြတ်မှုများ နှင့် လက်ကမ်းစာစောင်များအား ဝါဒဖြန့်မှု၊ သတင်းအမှားဖြန့်မှု၊ ခြိမ်းခြောက်မှုနှင့် သွေးခွဲမှုတို့အတွက် အသုံးပြုခြင်း အစီရင်ခံစာများတွင် ဖတ်ရှုလေ့လာနိုင်သည်။


အစီရင်ခံစာ၏ အပိုင်း (၁) ဖြစ်သော မီးအသုံးပြုပုံနှင့် အရပ်သား အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်းအား ခြုံငုံသုံးသပ်ချက် ကို Myanmar Witness ဝက်ဘ်ဆိုဒ်၏ အစီရင်ခံစာ စာမျက်နှာတွင် သွားရောက် ဖတ်ရှုနိုင်ပြီဖြစ်ပါသည်။ အစီရင်ခံစာအပြည့်အစုံကို ဖတ်ရှုလိုပါက ဤ PDF ကို ဒေါင်းလုဒ်လုပ်ပါ။


မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများဆိုင်ရာ အထောက်အထားများကို Myanmar Witness အနေဖြင့် ဆက်လက် မှတ်တမ်းတင်ပြီး စုံစမ်းစစ်ဆေးလျက်ရှိပါသည်။ ထိုမှတစ်ဆင့် ပြီးစီးသွားသော တွေ့ရှိချက်များကို Myanmar Witness ဝက်ဘ်ဆိုဒ်တွင် ဖတ်ရှုနိုင်မည် ဖြစ်သည်။


uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

JOIN OUR MAILING LIST

Subscribe to our emails for in-depth reports, event invites and our monthly round-up newsletter.
Which emails would you like to recieve?

Myanmar Witness is implemented via the Centre for Information Resilience

©2021 Myanmar Witness

Privacy & Legal

bottom of page