top of page

ချင်းအမျိုးသားတပ်ဦး ဌာနချုပ် ဝိတိုရိယစခန်း ကို မြန်မာစစ်တပ်မှ လေကြောင်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်း

Myanmar Witness

14 Jan 2023

Report Published:

5.png
4.png
3.png

ချင်းအမျိုးသားတပ်ဦး ဌာနချုပ် ဝိတိုရိယစခန်းကို မြန်မာစစ်တပ်မှ လေကြောင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်း


အိန္ဒိယ-မြန်မာ နယ်စပ်ရှိ ဗျူဟာအရ အရေးပါသော ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်စခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် အိန္ဒိယနိုင်ငံနယ်နိမိတ်အတွင်း ကျရောက်မှုများရှိကြောင်း ယူဆချက်။


MYANMAR WITNESS မှ အစီရင်ခံစာ။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်

 

အိန္ဒိယ-မြန်မာနယ်စပ်ရှိ ဗျူဟာအရအရေးပါသော ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်စခန်း ရှိရာ ဝိတိုရိယစခန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက် နှင့် ၁၁ ရက်နေ့တို့တွင် မြန်မာစစ်တပ်မှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။ မြန်မာစစ်တပ်မှ ဆောင်ရွက်ခဲ့သည့် ထိုတိုက်ခိုက်မှုများထဲမှ အနည်းဆုံးတစ်ခုမှာ အိန္ဒိယအာဏာပိုင်နယ်နိမိတ်အတွင်းသို့ ကျရောက်ခဲ့ပြီး အိန္ဒိယလေပိုင်နက်ထဲသို့ လေယာဉ်တစ်စင်း ဖြတ်သွားခဲ့ကြောင်း သတင်းပို့မှုများ ရှိခဲ့သည်။ ဝိတိုရိယစခန်းအား တိုက်ခိုက်ခဲ့မှုများကြောင့် အနည်းဆုံးလူ ၅ ဦး သေဆုံးခဲ့ပြီး ထို ပုဂ္ဂိုလ်များမှာ CNF အဖွဲ့ဝင်များ ဖြစ်သည်ဟု ဆိုခဲ့ကြသည်။ Myanmar Witness ၏ အကဲဖြတ်ဆန်းစစ်ချက်အရ ထိုတိုက်ခိုက်မှုများမှာ ကြိုတင်ကြံစည်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။


အဓိကဖြစ်စဉ်အသေးစိတ်

●      ဖြစ်စဉ်တည်နေရာ - ဝိတိုရိယစခန်း (Camp Victoria)၊ ထန်တလန်မြို့နယ်၊ ချင်းပြည်နယ် [23.069562, 93.347362]


●      ဖြစ်ပွားခဲ့သည့် ရက်စွဲ/အချိန် -

○      ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက် နှင့် ၁၁ ရက် (အတည်ပြုပြီး)

        

●      ကျူးလွန်သူအဖြစ် စွပ်စွဲခံရသူ(များ) နှင့်/သို့မဟုတ် ပါဝင်ပတ်သက်သူများ -

○      မြန်မာလေတပ်


●      စုံစမ်းစစ်ဆေးမှု -

○      ဝိတိုရိယစခန်း တိုက်ခိုက်ခံရမှု အပျက်အစီးများကို ပြသထားသော အသုံးပြုသူကိုယ်တိုင်မှ ထုတ်လုပ်သည့် အကြောင်းအရာ (User-Generated Content/UGC) များကို အသုံးပြု၍ Myanmar Witness မှ တည်နေရာ ခြေရာခံရှာဖွေခဲ့ပြီး ရှိနှင့်ပြီးသား ဂြိုဟ်တုဓာတ်ပုံများနှင့် တိုက်ဆိုင်စစ်ဆေးခဲ့သည်။ ထိုလုပ်ငန်းစဉ်ကို အသုံးပြုခြင်းဖြင့် တိုက်ခိုက်မှုဒဏ်ခံရသော တည်နေရာများကို သီးသန့် အတည်ပြုနိုင်ခဲ့သည်။

○      ဤ စုံစမ်းစစ်ဆေးမှုထဲတွင် အသုံးပြုပါရှိသော UGC များ၏ ရိုက်ကူးမှု အချိန်အတိအကျကို အပြည့်အဝအတည်မပြုနိုင်ပါ။ သို့သော် ထို UGC များမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ သည်ဟုဆိုသော သတင်းပို့ချက်များနှင့် စွပ်စွဲချက်များ ပေါ်ထွက်ခဲ့သည့်ရက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ ထက်စော၍ အွန်လိုင်းပေါ်တွင် မရှိခဲ့ကြောင်း Myanmar Witness အနေဖြင့် ရှာဖွေတွေ့ရှိခဲ့သည်။

 

အကျဉ်းချုပ်

ဗျူဟာအရအရေးပါသော ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်စခန်းကို လေကြောင်းမှဆက်တိုက် တိုက်ခိုက်မှုများကြောင့် အမျိုးသမီးများအပါအဝင် အနည်းဆုံး ငါးဦး သေဆုံးခဲ့ကြောင်း သတင်းပေးပို့မှု များအရ သိရသည်။ ယင်းဖြစ်စဉ်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသော ပဋိပက္ခများတွင် စစ်ကောင်စီ၏ လေကြောင်းစွမ်းအင်အသုံးပြုမှုနှင့် လေကြောင်းစစ်ဆင်ရေး ဆောင်ရွက်မှုများ တိုးမြင့်လာ ခြင်းကို ညွှန်ပြနေသည်။ ဝိတိုရိယစခန်း (Camp Victoria) သည် စစ်အခြေစိုက်စခန်းတစ်ခု ဖြစ်သော်လည်း လူနေအိမ်များနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုများအပါအဝင် အရပ်သားများကိုပံ့ပိုးကူညီနေသည့် စခန်းတစ်ခုအဖြစ်လည်း လူသိများသည်။


၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့၊ ညနေ ၄ နာရီခန့်တွင် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ ဝိတိုရိယစခန်း ကို မြန်မာစစ်တပ်က လေကြောင်းမှတစ်ဆင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်နေ့ အလားတူ ညနေ ၄ နာရီခန့်တွင်လည်း ဝိတိုရိယစခန်းအား နောက်ထပ်တစ်ကြိမ် လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ခေတ်သစ်မီဒီယာ အပါအဝင် အခြားသတင်းဌာနများမှ သတင်းဖော်ပြ ခဲ့သည်။ ဤဖြစ်စဉ်သည် 'တူညီသောရွာ (သို့) တူညီသော ပထဝီဝင်ဧရိယာ၌ ၂၄ နာရီအတွင်း လေကြောင်း တိုက်ခိုက်မှုတစ်ခု (သို့) တစ်ခုထက်ပိုသော လေကြောင်းတိုက်ခိုက်မှု' ဖြစ်သောကြောင့် Myanmar Witness အနေဖြင့် ဤဖြစ်စဉ်ကို  'လေကြောင်းတိုက်ခိုက်မှုဖြစ်ရပ်'ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

 

Myanmar Witness အနေဖြင့် တိုက်ခိုက်မှုအပြီးနောက်ပိုင်းတွင် ရိုက်ကူးထားသော ပုံရိပ်များ၏ ပထဝီအနေအထား တည်နေရာကို ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းဧရိယာရှိ အဆောက်အဦးများနှင့် လမ်းများ ပျက်စီးနေမှုကို ပြသထားသည့် ဂြိုလ်တုဓာတ်ပုံများနှင့်တိုက်ဆိုင်စစ်ဆေးခဲ့သည်။ အိန္ဒိယနိုင်ငံနယ်နိမိတ် အတွင်းကို ကျူးကျော်ခဲ့သည်ဟူသော တိုက်ခိုက်မှု စွပ်စွဲချက်များထဲမှ အနည်းဆုံးတစ်ခုကိုလည်း Myanmar Witness က ဆန်းစစ်ခဲ့ပြီး ထိုဖြစ်ရပ်မှာ ဖြစ်နိုင်ချေရှိကြောင်းယူဆထားသည်။ ဤတိုင်ကြားချက်ကို ပိုမိုသေချာမှုရှိစေရန်အတွက် နောက်ထပ် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိပါသည်။

 

Chin Human Rights Organisation အဖွဲ့အစည်းကဲ့သို့သော အဖွဲ့များမှ တင်ထားခဲ့သည့် ဆိုရှယ်မီဒီယာ ပို့စ်များတွင်ပါရှိသောစာရွက်စာတမ်း ‘ပေါက်ကြားမှု’ ဟုယူဆရသည့် စာရွက်စာတမ်းများကိုလည်း Myanmar Witness မှ လေ့လာဆန်းစစ်ခဲ့သည်။ ထိုလေ့လာဆန်းစစ်မှုများအရ ဝိတိုရိယစခန်း ကို တိုက်ခိုက်ရန် ကြိုတင်ပြင်ဆင်ထားမှုများရှိကြောင်း ယူဆရသည်။

 

ဒေသခံလူထုအား ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများ ပံ့ပိုးပေးသည်ဟုလူသိများသော ဝိတိုရိယစခန်း အတွင်းရှိ ဆေးဘက်ဆိုင်ရာ အဆောက်အဦးကို ထိခိုက်စေခဲ့သည့် တိုက်ခိုက်မှုများကိုလည်း Myanmar Witness ၏ နောက်ဆက်တွဲဆန်းစစ်ချက်များအရ တွေ့ရှိခဲ့ရသည်။ မြန်မာနိုင်ငံရှိ ပဋိပက္ခများ၏ ရက်စက်ကြမ်းကြုတ်မှုများ - အထူးသဖြင့် စာသင်ကျောင်းများဆေးခန်းများ နှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦးများ ကဲ့သို့သော နေရာများအပေါ် ထိခိုက်မှုများနှင့် ပတ်သက်သော ဖြစ်ရပ်များကို Myanmar Witness မှ စဉ်ဆက်မပြတ် ဖော်ပြခဲ့သည်။


Myanmar Witness မှ အောက်ပါတို့ကို အတည်ပြုရန် တည်နေရာရှာဖွေခဲ့သည် -

●      လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော ဝိတိရိယစခန်း၏ အစိတ်အပိုင်းများ နှင့် အနီးအနားပတ်ဝန်းကျင်နေရာများ

●      ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုဌာနများနှင့် လူနေအိမ်များကဲ့သို့သော အရပ်သားအဆောက်အဦးများ ကို ပစ်မှတ်ထားခဲ့သည်ဟူသော ယူဆချက်များ


Myanmar Witness မှ အောက်ပါအရာများကို လေ့လာစောင့်ကြည့်လျှက်ရှိပါသည် -

●      အိန္ဒိယပိုင် လေပိုင်နက်အတွင်းသို့ မြန်မာစစ်တပ်၏ လေယာဉ်များ ဝင်ရောက်ကျူးကျော်ခဲ့သည် ဟူသော ပြောကြားချက်များ။ အဘယ်ကြောင့်ဆိုသော် အောက်ပါအချက်ကို ကူညီအတည်ပြုပေးနိုင်မည့် အသုံးပြုသူများကိုယ်တိုင်မှ ထုတ်လုပ်သည့် အကြောင်းအရာ (User Generated Content) များ မရှိသောကြောင့် ဖြစ်သည် -


●      မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုမှာ အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်းသို့ ဝင်ရောက်ခဲ့သည်ဟူသော ပြောကြားချက်နှင့်


●      ဝိတိုရိယစခန်းကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော လေယာဉ်အမျိုးအစားများနှင့် ပတ်သက်သော ပြောကြားချက်များ

 

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်ဟုဆိုသော  ပုဂ္ဂိုလ် ၅ ဦးကို CNF တပ်ဖွဲ့ဝင်များအဖြစ် ရည်ညွှန်းခဲ့ကြသည်။ ထိုအဖွဲ့ဝင်များမှာ အောက်ပါပုဂ္ဂိုလ်များ ဖြစ်သည်ဟု Chinland News မှ အတည်ပြုခဲ့သည်။


●      ဆလိုင်းဗန်ကျဲအို

●      ဆလိုင်းဒုသင်

●      မိုင်ငွန်လှေပါရ်

●      မိုင်ရွှေလဲန်ပါရ်

●      ဆလိုင်းကီလ်မန်  



 

ပုံ (၁) - ဝိတိုရိယစခန်း တည်နေရာပြပုံ [23.069562, 93.347362].

 

စုံစမ်းထောက်လှမ်းရေး အဆင့်များ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ခန့်တွင် ဝိတိုရိယစခန်း၌ လေကြောင်းတိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့ကြသည့် ဆိုရှယ်မီဒီယာပေါ်ရှိ အသုံးပြုသူများ ကိုယ်တိုင်မှ ထုတ်လုပ်သည့်အကြောင်းအရာ (UGC) များစွာကို Myanmar Witness အနေဖြင့် ခွဲခြမ်းစိတ်ဖြာခဲ့သည်။ Chinland News ၏ ဖော်ပြချက်အရ တိုက်ခိုက်မှုတွင် လေယာဉ်ငါးစင်း အထိ အသုံးပြုခဲ့ပြီး Yak-130 (သို့) SU30 အမျိုးအစားများဖြစ်ကာ ဗုံးရှစ်လုံးအထိ ကြဲချခဲ့ကြောင်း ဖော်ပြခဲ့သည်။ တွေ့ရှိရသော UGC များကိုအခြေခံ၍ ယခုတိုက်ခိုက်မှုတွင် အသုံးပြုထားသော လေယာဉ်အမျိုးအစား များကို Myanmar Witnessအနေဖြင့် အတည်မပြုနိုင်သေးပါ။ သို့သော် Khit Thit Media ၏ အဆိုအရ လေယာဉ်များမှာ အပြာရောင်များဖြစ်သည်ဟု ဆိုထားသောကြောင့် SU30s သို့မဟုတ် Yak-130s အမျိုးအ စား ဖြစ်နိုင်ဖွယ်ရှိကြောင်း ရည်ညွှန်းထားသည်။

 

အိန္ဒိယဘက်ခြမ်း၊ ပထဝီတည်နေရာ ကိုဩဒိနိတ် (23.068271, 93.340013) ဝန်းကျင်တွင် ရိုက်ကူးထားပြီး YouTube သို့ တင်ထားသော ဗီဒီယိုဖိုင်ထဲတွင် တိုက်ခိုက်မှုများ ဖြစ်ပွားနေချိန်နှင့် တိုက်ခိုက်မှုအပြီး  ဖြစ်စဉ်များကို တွေ့မြင်နိုင်သည်။ ဗီဒီယိုထဲတွင်ဝိတိုရိယစခန်းရှိရာ ကိုဩဒိနိတ် (23.069722, 93.348080) ဝန်းကျင်မှ မီးခိုးငွေ့များတက်လာသည်ကို ပြသထားသည်။

 

ဝိတိုရိယစခန်းရှိ စစ်ကောင်းစီ၏ တိုက်ခိုက်မှု အစီအစဉ်များကို ရည်ညွှန်းစွပ်စွဲထားသော 'ပေါက်ကြား' စာရွက်စာတမ်းများနှင့်ပတ်သက်၍ Myanmar Witness မှ ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက် နှင့် ၁၁ ရက်နေ့တို့တွင် လက်တွေ့ဖြစ်ပွားခဲ့သော ဖြစ်ရပ်များနှင့်အတူ ဤစာရွက်စာတမ်း များအတွင်းမှ အချက်အလက်များကို လေ့လာကြည့်ရှုရာတွင် တိုက်ခိုက်ခံရသော တည်နေရာအား "Civil Disobedience Movement (CDM) လှုပ်ရှားသူ စစ်သား/ရဲများ၏ စခန်းများ" အဖြစ် သတ်မှတ်ထား သည်ကိုပြသထားသည်။ 'ပေါက်ကြား' စာရွက်စာတမ်းများနှင့်ပတ်သက်၍ ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ နောက် ဆက်တွဲ အချက်အလက်များကို အောက်တွင် အသေးစိတ်ဖော်ပြထားသည်။

 

ဗီဒီယိုဖိုင်ကို ကြည့်ရှုရာတွင် လေကြောင်းတိုက်ခိုက်မှု လှုပ်ရှားမှုများ တိုးမြင့်လာသည့် အသံကိုကြားရပြီး  ကျယ်လောင်သော နောက်ဆက်တွဲ ပေါက်ကွဲသံတစ်ခုကိုကြားရသည်။ ထို့နောက်ပိုင်း တွေ့မြင်ရသော မီးခိုးငွေ့များမှာ ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာကိုညွှန်ပြနေပါသည်။ ထိုနေရာသည် အိန္ဒိယပိုင်နက်ထဲတွင် ဖြစ်ကြောင်း သတင်းရင်းမြစ်များမှ နောက်ပိုင်းတွင်ဖော်ပြခဲ့ကြသည်။ သို့သော် ဤဖြစ်ရပ်၏ အသေးစိတ် အချက်များနှင့် ပတ်သက်၍ အငြင်းပွားမှုများရှိပြီး ဤအစီရင်ခံစာ၏ နောက်ပိုင်းတွင် ဆက်လက်ဖော်ပြသွား ပါမည်။ ဤရိုက်ကူးမှု၏အချိန်အတိအကျကို အတည်မပြုနိုင်သော်လည်း ဗီဒီယိုကို တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် မကြာမီအချိန်ဖြစ်သော ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် လွှင့်တင်ခဲ့ခြင်းဖြစ်သည်။


ပုံ (၂) - မီးခိုးငွေ့များအပြီးတွင် တွေ့ရသော အခြေအနေကို ပြသထားသော တည်နေရာပြပုံ  [23.068271, 93.340013] (သတင်းရင်းမြစ်: Chhawkhlei Channel).


Myanmar Witness အနေဖြင့် တိုက်ခိုက်ခံခဲ့ရသည့် ဧရိယာတည်နေရာများကို ရှာဖွေနိုင်ရန် ဝိတိုရိယစခန်း အနီးအနားတွင် ရိုက်ကူးထားသော ပုံရိပ်များကို ဂြိုလ်တုဓာတ်ပုံဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့သည်။ ရိုက်ကူးမှု တစ်ခုထဲတွင် (ထို ရိုက်ကူးမှုကို တင်ဆက်ခဲ့သူ၏ လုံခြုံရေးကို ကာကွယ်နိုင်ရန်အတွက် ဤတွင် မဖော်ပြထားပါ) ဝိတိုရိယစခန်းနှင့် ပတ်ဝန်းကျင် မြင်ကွင်းကျယ်အားတွေ့မြင်နိုင်ပြီး လေကြောင်းတိုက်ခိုက် မှုပုံစံကို လေ့လာကြည့်ရှုရာတွင် အထောက်အကူပြုထားကြောင်း တွေ့ရှိခဲ့ရသည် (ပုံ - ၃)။

 

ဗီဒီယိုဖိုင်ထဲတွင် အဆောက်အဦးများအနီးအနား၌ တစ်စုံတစ်ခုမှ မြေပြင်ကိုထိမှန်သွားကြောင်း မြင်တွေ့ခဲ့ ရသည်။ ဂြိုလ်တုပုံရိပ်နှင့် ပထဝီအနေအထားအရ ဤနေရာသည် ဆေးခန်းများတည်ရှိသော နေရာဖြစ် ကြောင်း ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည် (ပုံ- ၃)။ ရရှိထားသော UGC များမှတဆင့် အတည်မပြု နိုင်သော်လည်း၊ ဤတိုက်ခိုက်မှုသည် ဆေးခန်းပတ်ဝန်းကျင်ကိုထိမှန်ကာ ဆေးဘက်ဆိုင်ရာ ပစ္စည်းသို လှောင်ရုံ (ပုံ - ၃) ကို ပျက်စီးစေခဲ့သည်ဟု ပြောကြားထားသည်။ ဤနေရာတွင် သတိပြုသင့်သည်မှာ ပုံ - ၃ ၌ ပါရှိသော 'ကြက်ခြေနီ' တံဆိပ် ဖြစ်ပြီး ဤတံဆိပ်မှာ ပဋိပက္ခဖြစ်စဉ်များတွင် ပစ်မှတ်မထားသင့်ဘဲ အကာအ ကွယ်ပေးသင့်သော နေရာဖြစ်ကြောင်း နိုင်ငံတကာမှ သတ်မှတ်ထားသော တံဆိပ်ဖြစ်သည်။


ပုံ (၃) - ဝိတိုရိယစခန်းအတွင်းတွင် ရိုက်ကူးထားပြီး လေကြောင်းတိုက်ခိုက်မှု၏ တည်နေရာပြပုံ [23.060792, 93.346693] (သတင်းရင်းမြစ် - ပုဂ္ဂလိက)

 

ပုံ (၄) - ဝိတိုရိယစခန်းအား လေကြောင်းဖြင့်တိုက်ခိုက်စဉ် ထိခိုက်သွားခဲ့သော ဆေးပစ္စည်းသိုလှောင်ရုံဟု ယူဆရသော ဓာတ်ပုံများ (သတင်းရင်းမြစ် -The Voice of Spring).

 

တိုက်ခိုက်မှုများကို မှတ်တမ်းတင်ခဲ့သည့် News Media အဖွဲ့များမှ တင်ထားခဲ့သော CNF ဌာနချုပ် တည်ရှိရာနေရာပြ ဓာတ်ပုံများထဲတွင် လမ်းမများအား ထိခိုက်မှုကို ပြသထားပြီး ကိုဩဒိနိတ် 23.069124, 93.346662 တွင်ဖြစ်သည်။ နောက်တစ်ပုံတွင် CDF အဆောက်အဦး တစ်ခုကိုပြသထားပြီး ကိုဩဒိနိတ် 23.069562, 93.347362 တွင် ဖြစ်သည်။


ပုံ (၅) - စခန်းရှိ အိမ်များနှင့် မျဉ်းပြိုင်အနေအထားတွင် တွေ့ရှိရသော ပျက်စီးနေသည့် လမ်းများ၏ တည်နေရာပြပုံ:  [ကိုဩဒိနိတ် 23.069124, 93.346662 ဝန်းကျင်] (သတင်းရင်းမြစ် - Khit Thit Media).

 

ထို့အပြင် နောက်တစ်နေ့ဖြစ်သော ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဝိတိုရိယစခန်း၌ နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း UGC အသစ်များ ထွက်ပေါ်လာပြီး တိုက်လေယာဉ် ၃ စင်းကို အသုံးပြုခဲ့သည်ဟုလည်း ဆိုခဲ့ကြသည်။UGC တွင်ပါရှိသော ပုံများမှာ မတူညီသောနေ့များ (ဇန်နဝါရီလ ၁၀ ရက် နှင့် ၁၁ ရက်တွင်) ဖြစ်ပွားခဲ့သော သီးခြားဖြစ်ရပ်များဖြစ်ကြောင်း  Myanmar Witness အနေဖြင့် အချိန်အတိအကျ အတည်မပြုနိုင်သေးသည့်အတွက် သက်သေမပြနိုင်သေးပါ။အဆိုပါ သတင်းပေးပို့မှုများထဲတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်သော စုံစမ်းစစ်ဆေးမှုများ၌ မတွေ့ရသေးသော ပုံရိပ်များကို အသုံးပြုထားကြောင်း တွေ့ရှိခဲ့ရသည်။

 

The Voice of Spring မှ တင်ထားခဲ့သည် ပုံရိပ်များ၏ တည်နေရာများကို Myanmar Witness အနေဖြင့် ခြေရာခံရှာဖွေခဲ့ပြီး ထိုပုံရိပ်များထဲတွင် ကိုဩဒိနိတ် 23.069562၊ 93.347362 ဝန်းကျင်ရှိ CDF စခန်း၏ ပျက်စီးမှုများကို မြင်တွေ့ခဲ့ရသည် (ပုံ - ၆)။ ထို့အပြင် The Chinland Post မှ တင်ထားခဲ့သော ရိုက်ကူးမှုပုံရိပ်များတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပေါ်ခဲ့သည်ဟု ယူဆရသော အသံကျယ်ပေါက်ကွဲသံတစ်ခုနှင့် မီးလောင်၍ မီးခိုးငွေ့များထွက်နေသော ဝိတိုရိယစခန်းကို တွေ့မြင်ခဲ့ရသည် (ပုံ - ၇)။ ပုံ (၇) တွင် ဖော်ပြထားသောမီးသည် ကိုဩဒိနိတ် 23.069747, 93.346014 ဝန်းကျင်တွင်တည်ရှိသည်။ ဤဗီဒီယိုဖိုင်နှစ်ခုသည် စခန်း၏ တစ်ဖက်တစ်ချက်တွင်ရှိပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် စခန်း၏ ဧရိယာ အများအပြား ပျက်စီးသွားကြောင်း ဖော်ပြသည်။

 

ပုံ (၆) - ပျက်စီးမှုများကို ထင်ရှားစွာတွေ့မြင်နိုင်သော အဆောက်အဦးများပြ မြေပုံ၊ ကိုဩဒိနိတ် 23.069562, 93.347362 ဝန်းကျင် (သတင်းရင်းမြစ် - The Voice of Spring).

 

ပုံ (၇) - ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် ပို့စ်တင်သူမှ စွပ်စွဲထားသော (ဖြစ်နိုင်ချေလည်းရှိသော) ဝိတိုရိယစခန်းအား လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်းပြပုံ။ ဤပုံရိပ်ကို Myanmar Witness မှ ကိုဩဒိနိတ် 23.069747, 93.346014 ဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း ခြေရာခံခဲ့သည်(သတင်းရင်းမြစ် -  The Chinland Post).

 

အိန္ဒိယနယ်စပ်

နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုများကြောင့် အိန္ဒိယနိုင်ငံနယ်နိမိတ် ထဲတွင် အနည်းဆုံး တစ်ကြိမ်ခန့်ထိခိုက်မှုများရှိခဲ့သည့် အရိပ်အယောင်များ တွေ့ရသည်။ သို့သော်လည်း အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ သတင်းမီဒီယာများ၏ ဖော်ပြမှုများတွင် ကွဲလွဲမှုများရှိနေသည်။ အိန္ဒိယ စစ်ဘက် အရာရှိများက အဆိုပါ အဖြစ်အပျက်ကို ငြင်းဆို ထားပြီး The Guardian ကဲ့သို့ အခြားသော သတင်းဌာနများကမူ အဆိုပါ သတင်းမှာ မှန်ကန်ကြောင်း ဖော်ပြခဲ့ကြသည်။ Al Jazeera နှင့် Fortify Rights တို့က အိန္ဒိယလေပိုင်နက်အတွင်း မြန်မာလေယာဉ်များအား ပိတ်ပင်ပေးရန် တောင်းဆိုခဲ့ပြီး Fortify Rights ကလည်း အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့် အိန္ဒိယနယ်စပ်ဘက်ကိုလည်း ထိခိုက်မှုများ ရှိခဲ့သည်ဟု အဆိုပြုတင်သွင်းခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း မြန်မာစစ်တပ်နှင့် စစ်ကောင်စီ ကို ပြစ်တင်ရှုတ်ချခဲ့သည်

 

Youtube တွင် တင်ခဲ့သည့် Myanmar Witness မှ ခွဲခြမ်းစိတ်ဖြာထားသော ဗီဒီယိုတစ်ခုထဲတွင် အိန္ဒိယပိုင် နယ်နိမိတ်အတွင်း၊ ကိုဩဒိနိတ် 23.068715, 93.341690 ဝန်းကျင် (ပုံ - ၈) တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျရောက်သည့်နေရာတစ်နေရာအားကြည့်ရှုနေသူများကို ပြသထားကြောင်း တွေ့ရသည်။ Myanmar Witness အနေဖြင့် ထို တူညီသော Youtube ချန်နယ်မှပင် ယခင်က တင်ထားခဲ့သော လေကြောင်းတိုက်ခိုက်မှုများပြ ပုံရိပ်များ ၏ တည်နေရာကိုလည်း ခြေရာခံရှာဖွေခဲ့သည် (ပုံ - ၂)။ ယင်းဗီဒီယိုဖိုင်အား Myanmar Witness ၏ လေ့လာဆန်းစစ်ချက်အရ နယ်စပ်ဒေသတစ်ဝိုက်တွင် ဆောင်ရွက်ခဲ့သော လေကြောင်းတိုက်ခိုက်မှုများကို တွေ့မြင်ခဲ့ရပြီး အဆိုပါ လေကြောင်းတိုက်ခိုက်မှုများထဲမှ တစ်ခုသည် အိန္ဒိယပိုင်နက်ထဲသို့ ထိမှန်သွားနိုင်ကြောင်း ပြသထားသည်။ သို့သော်လည်း ဤအဖြစ်အပျက်ကို ဗီဒီယိုထဲတွင် ပါရှိသော အချက်အလက်များကို ကြည့်ရှုရုံဖြင့် အတိအကျဖြစ်နိုင်ကြောင်း သက်သေပြနိုင်ရန် ခက်ယဉ်းသည် (ပုံ - ၉)။ ဤဖြစ်စဉ် စွပ်စွဲချက်ကို အတည်ပြုနိုင်ပါက နယ်စပ်နှင့် နီးစပ်ရာဒေသများတွင် စစ်ကောင်စီအနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပစ်မှတ်ထား ဆောင်ရွက်ရာ၌ အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်နယ်မြေကို လျစ်လျူရှုတတ်သည့် စစ်ကောင်စီ၏ အလေ့အထနှင့် အကျုံးဝင်တိုက်ဆိုင်လျက်ရှိပါသည်။ ထိုနယ်စပ်ဒေသများတွင် ပစ်မှတ်ထားခံရသူများမှာ များသောအားဖြင့် မြန်မာနိုင်ငံအတွင်းရှိ တော်လှန်ရေးလက်နက်ကိုင် တိုက်ခိုက်သူများဖြစ်ကြပြီး ထိုနယ်စပ်ဒေသများတွင် နေထိုင်နေကြသော အချို့သော ပုဂ္ဂိုလ်များမှာ စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ်ကြသည်။

 

ပုံ (၈) - လေကြောင်းတိုက်ခိုက်မှုအား အိန္ဒိယနိုင်ငံပိုင်နက်အတွင်းရှိလူများ ကြည့်နေကြောင်းပြပုံ၊ ကိုဩဒိနိတ် 23.068715, 93.341690။  ဗီဒီယိုထဲတွင် အိန္ဒိယနိုင်ငံနယ်နိမိတ်ထဲသို့ ကျရောက်ခဲ့သော ‘မြန်မာဗုံး’ အဖြစ် ဖော်ပြထားသည်။   (သတင်းရင်းမြစ် - Youtube).

 

ပုံ (၉) - အဝါရောင်မျဉ်းမှာ နယ်စပ်ဒေသကို ပြသထားပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် နယ်စပ်တွင် ကျရောက်ခဲ့သည့် ထိခိုက်မှုများ၏ တည်နေရာ ဖြစ်နိုင်ချေကို ပြသထားသည်။ ဗီဒီယိုထဲရှိ အချိန် ၁ မိနစ် ၄ စက္ကန့်ခန့်တွင် တွေ့မြင်နိုင်သော ထိခိုက်မှုတစ်ခုမှာ အိန္ဒိယနယ်မြေအတွင်း ကျရောက်ခဲ့သည်ဟု ယူဆနိုင်သည် (သတင်းရင်းမြစ် - Youtube).

 

၂၀၂၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် The Chin Journal ဖော်ပြချက်အရ အိန္ဒိယပိုင်နက်ကို ထိမှန်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှု၏ တည်နေရာသည် နှစ်နိုင်ငံကြားရှိ မြစ်ကမ်းအပါအဝင် ထိစပ်နေသော နယ်နိမိတ်နှင့် အလွန်နီးကပ်နေကြောင်း ဖော်ပြခဲ့ပြီး တည်နေရာရှိ မြေသားသည်လည်း အနည်းငယ်နိမ့်ဆင်းသွားကြောင်း ဖော်ပြထားသည့် ဖော်ပြချက်တွင်ပါရှိသော ပုံများတွင် ထည့်သွင်းဖော်ပြထားသည်။ ထိုကဲ့သို့ နိမ့်ဆင်းသွားသောနေရာသည် တိုက်ခိုက်မှုကြောင့် နိမ့်ဆင်းသွားသည်ဟု ယူဆနိုင်သော်လည်း တည်နေရာအတိအကျကို ရှာဖွေ၍ မရခဲ့ပါ။ မည်သို့ပင်ဆိုစေကာမူ ဤဖော်ပြချက်သည် အိန္ဒိယနယ်စပ်ကို ထိမှန်သွားသည့် လေကြောင်းတိုက်ခိုက်မှုများ အား ပြသနိုင်ခြေရှိသည့် Myanmar Witness မှ အတည်ပြုထားသော တည်နေရာများ၏ ပထဝီဝင်တည်နေရာနှင့် ကိုက်ညီလျက်ရှိပြီး (နိုင်ငံတကာ နယ်နိမိတ်မျဉ်း) နှင့် အလွန်နီးကပ်သော မြစ်ကမ်းနားတွင် ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

 

‘ပေါက်ကြားခဲ့သော စာရွက်စာတမ်းများ’

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ပေါက်ကြားခဲ့သည်ဟု ဆိုခဲ့ကြသော စစ်ကောင်စီ၏ ထောက်လှမ်းရေး လျှို့ဝှက် စာရွက်စာတမ်း ဓာတ်ပုံများကို ချင်းလူ့အခွင့်အရေးအဖွဲ့ Chin Human Rights Organization (CHRO) မှ ထုတ်ဝေခဲ့ပြီး နောက်ရက်များတွင် ထပ်မံဖြည့်တင်းထားသောပုံများ ဖြင့် ထုတ်ဝေခဲ့သည်။ ထိုပုံများတွင် မြေပုံတစ်ခု၊ ဝေဟင်မှ ရိုက်ကူးထားသောပုံနှစ်ပုံ နှင့် စားရင်ဇယား တစ်ခုတို့ ပါဝင်ခဲ့သည်။

 

ဖော်ထုတ်ထားသောပုံများတွင် ဇယား၏ အညွှန်းပုံစံနှင့် ကိုက်ညီသော အမှတ်စဉ်နံပါတ်များပါရှိသည်။ မြေပုံတွင် နံပါတ်နှင့် အက္ခရာများ အသုံးပြု၍ အမှတ်အသားပြုထားသည့် နေရာ ၁၅ ခုပါရှိပြီး ထွက်ပေါက်ရှာရန်လိုအပ်ပါက အနီးအနားရှိ ကျေးရွာတစ်ရွာနှင့် မြို့တစ်မြို့သို့ ထွက်ပြေးလွတ်မြောက်နိုင်ရန် ပြသထားသည့် လမ်းကြောင်းများ ပါရှိသည်။ အမှတ်အသားပြုထားသော နေရာများထဲတွင် နေရာ ခြောက်နေရာကို တန်ဖိုးနှစ်ခုဖြင့် မှတ်သားထားပြီး နေရာ နှစ်နေရာကို မတူညီသောတန်ဖိုးသုံးခုဖြင့် မှတ်သားထားသည်။ နံပါတ်များသည် ၁ မှ ၁၄ ကြားရှိကာ အမှတ်အသား ရည်ညွှန်းချက်များထဲတွင် ပါရှိသော တန်ဖိုးများသည် “EA-XXXXXX”‌ အက္ခရာဖြင့်စသော ပုံစံအတိုင်း စီစဉ်ထားခြင်းဖြစ်ကာ၊ တည်နေရာပြနေရာတွင် အဆောက်အဦးအမျိုးမျိုးအတွက် ရည်ရွယ်ချက်များပါ၀င်သည်။ 'မှတ်ချက်များ' ကော်လံတွင် ဗလာပြထားပြီး မှတ်သားထားခြင်း မရှိပါ။ ထိုစာရင်းထဲတွင်နိုင်ငံတကာဥပဒေအရ အထူးအကာအကွယ်ပေးထားသည့် စစ်ဘက်ဆိုင်ရာနေရာမဟုတ်သော နေရာများအပါအဝင် ဘာသာရေးနေရာများ (ဘုရားကျောင်း) နှင့် ဆေးဘက်ဆိုင်ရာအဆောက်အအုံများ (ဆေးခန်းနှင့် သက်ဆိုင်ရာဝင်းများ) ပါဝင်ပါသည်။အဆိုပါ စာရွက်စာတမ်းများကို အသုံးပြု၍ Myanmar Witness သည် အမှတ်အသားပြုထားသည့် တည်နေရာများပါရှိသောမြေပုံတစ်ခုကို ပြန်လည်ဖန်တီးခဲ့သည်။

 

ပုံ (၁၀) - ပေါက်ကြားခဲ့သည်ဟုဆိုသော ဝိတိုရိယစခန်းပြမြေပုံ နှင့် Myanmar Witness မှ ပြန်လည်ဖန်တီးထားသော Google Earth ဂြိုဟ်တုဓာတ်ပုံ (သတင်းရင်းမြစ် - Khit Thit Media).

 

ပုံ (၁၁) –  ပေါက်ကြားခဲ့သည်ဟု ဆိုသော CNF ဌာနချုပ် ပစ်မှတ်စာရင်း (သတင်းရင်းမြစ် - Chinland News).

 

ပေါက်ကြားခဲ့သည့် ပုံများအနက် အမှတ်စဉ် နံပါတ် “EA-354506” ဖြင့် မှတ်သားထားသော တည်နေရာ ၃ ခု ကို အက္ခရာ A-C ဖြင့် မှတ်သားထားသည်။ ဤနံပါတ်စဉ်များသည် ဇယားရှိ အတန်း ၄ နှင့် ကိုက်ညီကြောင်းတွေ့ရပြီး ထိုနေရာများသည် ဘုရားကျောင်း၊ ရုံးချုပ်ရုံးနှင့် ခေါင်းဆောင်များ၏ နေအိမ်များကို ဖော်ပြထားခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ အဆိုပါအစီအစဥ်များကို အာဏာသိမ်းပြီးနောက်ပိုင်းမှ ရေးဆွဲထားသည်ဟု ယူဆရပြီး၊ အဘယ်ကြောင့်ဆိုသော် စာရင်းပါ အဆောက်အအုံကို အဖြူရောင်၊ dashed ပုံသဏ္ဍာန်၊ စတုဂံပုံသဏ္ဍာန် အနေဖြင့် တွေ့မြင်ခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ စ၍ တွေ့ရှိရသော ဂြိုလ်တုဓာတ်ပုံများတွင်သာ အသစ်အနေဖြင့် ထပ်မံထည့်သွင်းထားသည့်အချက်ကြောင့် ပင် ဖြစ်သည်။


ပုံ (၁၂) – EA-354506 ၏ ပုံ နှင့် Myanmar Witness မှ ဆန်းစစ်ထားသော ပုံရိပ် (သတင်းရင်းမြစ် - CHRO).

  

အကြိမ်ပေါင်းများစွာ အညွှန်းတပ်ထားသော အခြားတည်နေရာများကို ဇယားတွင် ဖော်ပြထားပါသည်။ အချို့နေရာများတွင် တူညီသော အမှတ်စဉ်နံပါတ်ကို အတန်းများစွာတွင် အသုံးပြုခဲ့သည်။ ဥပမာအားဖြင့်၊ ဇယား၏ အတန်း (၈) တွင် “EA-357499” အမှတ်စဉ်ကို အသုံးပြု၍ ဆေးခန်း (A)၊ ရပ်ကွက် (B) နှင့် ဂိတ် (C) စသည်တို့ကို ဖော်ပြထားပါသည်။ ထိုကဲ့သို့ပင် တူညီသော အမှတ်စဉ်နံပါတ်ကို ဇယားအတန်း (၉) တွင် ဂိတ်တံခါးကို ဖော်ပြရန်နှင့် ဇယားအတန်း (၁၀) တွင် ဆေးခန်း (A) နှင့် ရပ်ကွက် (B) ကို ဖော်ပြရန်အတွက် အသုံးပြုခဲ့သည်။ တူညီသောပုံကို ထပ်ခါတလဲလဲအသုံးပြုခြင်း၊ မတူညီသောနေရာများကို သီးသန့်စီဖော်ပြထားခြင်းတို့ကြောင့် အဆိုပါနံပါတ်များသည် တည်နေရာဆိုဒ်များနှင့်ပတ်သက်သော ပိုမိုတိကျသော အချက်အလက်များကို ပေးဆောင်သည့် အပိုစာရွက်စာတမ်းများဖြစ်သည့် infographics (အချက်အလက်ပြမြေပုံ) သို့မဟုတ် ခွဲခြမ်းစိတ်ဖြာမှုများကို ထောက်ပြရည်ညွှန်းထားခြင်း ဖြစ်နိုင်သည်ဟု Myanmar Witness မှ ကောက်ချက်ချခဲ့သည်။ တူညီသောနေရာအတွက် ခွဲခြမ်းစိတ်ဖြာမှုများစွာကို အသုံးပြုထားခြင်းသည် တိကျသောအချက်အလက်များ၏ အရေးပါပုံနှင့် ၎င်း သတ်မှတ်ချက်များ၏အရေးကြီးမှုကို ညွှန်ပြထားခြင်း ဖြစ်နိုင်သည်။

 

ပုံများ၏ အမှတ်စဉ်နံပါတ်များသည် နံပါတ်အစဉ်လိုက်ဖြင့် စီစဉ်ထားသော အညွှန်းပုံစံများစွာကို လိုက်နာထားကြောင်း တွေ့ရသည်။ ဥပမာအားဖြင့်၊ ပုံများတွင် တတိယပုံမှလွဲ၍ EA-356506၊ EA-357506 နှင့် EA-358506 တို့မှ နံပါတ်များအားလုံးသည် တူညီပါသည်။ ကျောင်းကို ပုံသုံးပုံရှိ ခွဲခြမ်းစိတ်ဖြာမှု ၅၊ ၁၃ နှင့် ၁၄ အောက်တွင် ဖော်ပြထားပါသည်။ အတန်း ၅ တွင် ကျောင်းသည် တစ်ခုတည်းသော ဖော်ပြထားသည့် နေရာ ဆိုဒ် ဖြစ်သည်။ အတန်း ၁၃ တွင် ၎င်းကို (B) ဖြင့် အမှတ်အသားပြုထားပြီး အတန်း ၁၄ တွင် တူညီသောဆိုဒ်နေရာ နှစ်ခုအား (C) ဖြင့် အမှတ်အသားပြုထားသည်။ သို့သော် အတန်း ၁၃ နှင့် ၁၄ တွင်နေရာများ၏ အရှေ့အနောက် အစီအစဥ်ကို ပြောင်းလဲထားကြောင်း တွေ့ခဲ့ရသည်။ ဤအတန်းများတွင် အမှတ်စဉ်နံပါတ်များအစဉ်လိုက်ပါသော ပုံများကို အသုံးပြုထားခြင်းဖြစ်သည်ကို တွေ့နိုင်မည်ဖြစ်သောကြောင့် အဆိုပါပုံများကို အချိန်တိုအတွင်း ရှေ့ဆင့်နောက်ဆင့် ဖမ်းယူခဲ့ခြင်း ဖြစ်နိုင်ကြောင်း Myanmar Witness မှ ကောက်ချက်ချထားသည်။

 

ဤဖြစ်စဉ်များကို Myanmar Witness မှ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။

ချင်းပြည်နယ်ရှိ စစ်ရေးအရ ဗျူဟာမြောက် နယ်မြေဖြစ်သော ဝိတိုရိယ စခန်းအား တိုက်ခိုက်ခြင်းသည် စစ်ကောင်စီ ၏ လေကြောင်းစစ်ပွဲ ဆောင်ရွက်မှုနှင့် အကြမ်းဖက်မှုကို အသုံးချရန် ဆန္ဒရှိမှုတွင် ကြီးမားသော တိုးမြင့်လာမှုကို ကိုယ်စားပြုကြောင်း ယူဆနိုင်သည်။ ၎င်းတို့အနေဖြင့် အဆိုပါတိုက်ခိုက်မှုများကို ကြိုတင်ပြင်ဆင်ထားနိုင်ဖွယ်ရှိပြီး၊ အထူးသဖြင့် အိန္ဒိယလေကြောင်းပိုင်နက်ကို ချိုးဖောက်မှုနှင့် အိန္ဒိယနယ်နိမိတ်တွင် ထိခိုက်မှုများရှိနိုင်ကြောင်း ကြိုတင်တွက်ဆထားနိုင်သောကြောင့် ဖြစ်သည်။ ဤဖြစ်ရပ်သည် မြန်မာစစ်တပ်နှင့် စစ်ကောင်စီတို့အနေဖြင့်  အိမ်နီးချင်းနိုင်ငံတွင် ထိခိုက်မှုဖြစ်ပွားစေခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံဘက်သို့ ကျုးကျော်မှုများရှိခဲ့ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကျုးကျော်ဝင်ရောက်မှုများ ရှိခဲ့သောကြောင်း ဖြစ်သည်။ ၎င်းအပြင် အဆိုပါတိုက်ခိုက်မှုသည် ဆေးဘက်ဆိုင်ရာဌာနအပေါ် ထိခိုက်သက်ရောက်မှုများ ရှိခဲ့ခြင်းကြောင့် မြန်မာ့တပ်မတော်နှင့် စစ်ကောင်စီအကြား ကွဲလွဲမှုမရှိကြောင်းကို ပြသနေသည်။ Myanmar Witness သည် ဤကဲ့သို့သော ဖြစ်ရပ်များကို တက်ကြွစွာ စုံစမ်းစစ်ဆေးလျက်ပြီး မြန်မာနိုင်ငံရှိ ပဋိပက္ခများနှင့်ပတ်သက၍ တာဝန်ခံမှု ရှိစေရန် တွန်းအားပေးလျက်ရှိသည်။


နာမည်အတိုကောက်စာရင်း

●      ချင်းအမျိုးသားတပ်ဦး (CNF)

●      အသုံးပြုသူကိုယ်တိုင် ထုတ်လုပ်ထားသည့် အကြောင်းအရာ (UGC)

●      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ)

●      Civil Disobedience Movement (CDM)

●      အမျိုးသားညီညွတ်ရေးအစိုးရ (NUG)

●      ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)

 

uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

JOIN OUR MAILING LIST

Subscribe to our emails for in-depth reports, event invites and our monthly round-up newsletter.
Which emails would you like to recieve?

Myanmar Witness is implemented via the Centre for Information Resilience

©2021 Myanmar Witness

Privacy & Legal

bottom of page